“မင်္ဂလာပါ” ကလန်း မြန်မာ ခ၇စ်ယာန် မိဿဟာယ မှ နွေးထွေးစွာ ကြိုပါသည်။ ၀တ်ပြုချိန်-အပါတ်စဉ် (တနင်္ဂနွေနေ့)ည ၄း၀၀ မှ ၆း၀၀ ထိ.

Monday, November 15, 2010

အဖေ့ မျက်ရည်

(ကျွန်တော်ဟာ အဖေပေါ်ပြီး မွေးခဲ့တဲ့ အဖေ့သား တစ်ယောက်ပါ။ အဖေ့ကို
ပါးနားရိုက်ပြီး ကိုယ်ထိလက်ရောက် မစော်ကားခဲ့ဖူးပေမဲ့။ အဖေ့ရင်ကို ကာယကံနဲ့
ခြေစုံ မကန်ခဲ့ဖူးပေမဲ့။ အဲဒီအရာတွေထက် နာကျင်စေတဲ့ စကားလုံးတွေ
အပြုအမူတွေနဲ့ အဖေ့ကို မျက်ရည်ကျအောင် လုပ်ခဲ့ဖူးပါတယ်။ ကျွန်တော့် အဖေက
အရေခွံ ပါးပါးလေးပါ။ အဖေက စိတ်နူးညံ့တယ်။ ခံစားလွယ်တယ်။ သနားတတ်တယ်။ လူသား
သိပ်ဆန်တယ် ဆိုပါတော့ ဗျာ။ အဖေ့ကို မျက်ရည်ကျအောင်
ကျွန်တော်လုပ်ခဲ့ဖူးပါတယ်။ အဖေ့ကို ချစ်သူတွေ။ မုန်းသူတွေ၊ စိတ်နာသူတွေ။
သံယောဇဉ် ရှိသူတွေ အတွက် ̏ အဖေ့မျက်ရည် ̋ ဆိုတဲ့ စာစုလေး တစ်ခုကို ဇွန်လ
၂ဝ၁ဝ ခုနှစ်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဖခင်များနေ့ အမှတ်တရအဖြစ်
ရေးသား တင်ဆက်လိုက်ပါတယ်။ ခံစား ကြည့်ကြပါအုံးဗျာ။)

မှားစရာ ရှားလို့များ ဖခင်များနေ့ ပြက္ခဒိန်က နေ့ရက်တွေ မှားနေလို့တဲ့။
အဖေများသိရင် ဘယ်လောက် မျက်ရည် ကျလိုက်မလဲ။ ၂ဝဝ၉ ခုနှစ်ရဲ့ ဖခင်များနေ့ဟာ
ဇွန်လ တတိယအပါတ် ဆိုတာ အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာက အသိအမှတ် ပြုထားပေမဲ့
မြန်မာနိုင်ငံ ခရစ်ယာန်အသင်းချုပ်က ထုတ်တဲ့ ပြက္ခဒိန်မှာ ဒုတိယအပါတ်
ဖြစ်နေသတဲ့။ ဒီတော့ မြန်မာပြည် ခရစ်ယာန်အသင်းတော်များက ဇွန်လ ဒုတိယအပါတ်ကို
ဖခင်များနေ့ဆိုပြီး ကြေငြာကျင်းပကြတာပေါ့။ မြန်မာပြည် ဖခင်များနေ့ပွဲက
ပြန်လာတဲ့ ဇနီးနဲ့ သားဖြစ်သူက စင်ကာပူမှာ အလုပ်လုပ်နေတဲ့ သူတို့ အဖေဆီ
ဖုန်းလှမ်းဆက်ပြီး ̏ Happy Father’s day ̋ လို့ နှုတ်ခွန်းဆက်လိုက်တော့
စင်ကာပူက ဖခင်က ကြောင်ကြောင် အမ်းအမ်းနဲ့ ̏ ဒီနေ့ ဖခင်များနေ့လား။ နောက်
တစ်ပါတ်မှ မဟုတ်ဘူးလား ̋ လို့ ပြန်မေးတော့ ဇနီးသည်က ̏ရှင် တော်တော် အ
ရသလား။ ဇွန်လ ဒုတိယ အပါတ်က ဖခင်များနေ့ဆိုတာ နှစ်ခြင်းအသင်းချုပ် ၂ဝဝ၉
ခုနှစ် ပြက္ခဒိန်မှာ စာလုံး အမည်းကြီးနဲ့ ရေးထားတာ မမြင်ဘူးလား။ ဒါ
တစ်နိုင်ငံလုံး ထုတ်တဲ့ ပြက္ခဒိန်၊ မှားစရာ အကြောင်း မရှိဘူး။ သေချာချင်ရင်
အဲဒီ ပြက္ခဒိန်ကို ဖြဲပြီး ရှင့်ဆီ စာတိုက်ကနေ ပို့လိုက်မယ်။ ဘာလဲ ရှင်က
နိုင်ငံခြားမှာ လူပျို ဟန်ဆောင်ပြီးနေတော့ ကိုယ်ကိုယ်ကို ဖခင်ဖြစ်တာ၊
ကလေးအဖေ ဆိုတာ မေ့နေပြီလား̋ လို့ ကက်ကက်လန်အောင် ပြန်ရန်တွေ့ပါတော့တယ်။
စင်ကာပူ ရောက်နေတဲ့ ဖခင် ဖြစ်သူကတော့ စင်ကာပူက နိုင်ငံတကာသုံးတဲ့
ပြက္ခဒိန်ကိုသာ သုံးတဲ့အတွက် ဖခင်များနေ့ ရောက်ဖို့ တစ်ပါတ် လိုသေးတယ်ဆိုတာ
သိပေမဲ့ ဘယ်လို ပြန်ငြင်းရမလဲ မသိဘူးဖြစ်နေတယ်။ သြော်-နေ့ထူး နေ့မြတ်ဆိုတာ
မမှားကောင်း မမေ့ကောင်းပါဘူး။ အခုတော့ဗျာ ဖခင်ကြီးများ ဂုဏ်ပြုခံရမဲ့
နေ့ကိုမှ ပြက္ခဒိန်ထဲမှာ လူသိ ရှင်ကြား မှားရ မေ့ရ သလားဗျာ။ ဒါကို အဖေ သိရင်
ဘယ်လောက် မျက်ရည်ကျလိုက်မလဲ။

နိုင်ငံခြားမှာ အလုပ်လုပ်တဲ့ ဖခင်တစ်ယောက်ရဲ့ အဖြစ်အပျက်လေးပေါ့။ သားဦးလေး
မွေးတော့ ဆွေမျိုး မိတ် သင်္ဂဟတွေက ̏ ဟင် - ကလေးက အဖေနဲ့လဲ မတူဘူး̋ လို့
ဝေဖန်တော့ မျက်နှာ ကွက်ကနဲ ပျက်သွားတဲ့ ဖခင်။ ကလေး မွေးလို့ ပျော်မဆုံးခင်
ကလေးက အဖေနဲ့ မတူဘူးဆိုတဲ့ စကားက ဘယ်လောက် တာသွားသလဲ။ မိန်းမဖြစ်သူ ကဘဲ
နောက်မီးလင်းပြီး ကလေး မွေးသလိုလို။ သူကဘဲ လှည်းကျိုး ထမ်းနေရသလိုလို။
ဒီကလေး အတွက် နိုင်ငံခြားကနေ ငွေ ထောက်ပံ့ရ နိုးနိုး။ ဒေါသထွက်ရ နိုးနိုး
ဖြစ်ခဲ့ရပါတယ်။ မွေးလာတဲ့ ကလေးက အမေနဲ့ မတူရင် ကိစ္စမရှိဘူး။ ဒီကလေးကို အမေက
ကိုယ်ဝန်လွယ်ပြီး ရပ်ကွက်ထဲ ၉လ နီးပါး သွားလာနေတာ တစ်ရပ်ကွက်လုံး အသိ။
ဒါပေမဲ့ မွေးလာတဲ့ ကလေးက အဖေနဲ့ မတူလို့ကတော့ အဲဒီအဖေ နာပြီသာမှတ်။
ဆွေမျိုး စကား၊ ရပ်ကွက်ထဲက ဝေဖန်တဲ့ စကားက ပိဿလေးနဲ့ ဘေးပစ်သလို ခံစားရ
ခက်တယ်။ ̏ ကလေးက အဖေနဲ့လဲ မတူဘူး ̋ ဆိုတဲ့ စကားက မြောက်ကိုးရီးယားက
ခြိမ်းခြောက်နေတဲ့ နျူးကလီးယားထက် ဆိုးပါတယ်။ ကလေး မွေးရင်တောင် သူနဲ့
မတူလို့ အပြစ်တင်ခံထိတဲ့ အဖေတွေရယ်။ ဒါကို အဖေသိရင် ဘယ်လောက် မျက်ရည်
ကျလိုက်မလဲ။

သုံးနှစ်အရွယ် ကလေးလေးကို အမေဖြစ်သူက ̏သမီးလေးက မေမေ့ ဗိုက်ထဲက ထွက်လာတာ̋
လို့ ကလေး နားလည်အောင် ရှင်းပြလိုက်တယ်။ ကလေးလေးက ̏သမီးက ဘာဖြစ်လို့ ဖေဖေ့
ဗိုက်ထဲက မထွက်လာတာလ̋ဲ လို့ ပြန်မေးတော့ မိခင်ဖြစ်သူ အဖြေရကျပ်သွားပါတယ်။
သမီးလေး အမေ့ဗိုက်ထဲမှာ သန္ဓေသား ၅လ အရွယ်တုံးက အာထရာဆောင်း ရိုက်ထားတဲ့
ဓါတ်ပုံလေးကို ထုတ်ပြပြီး ̏သမီးလေးက ဖေဖေ့ ဗိုက်ထဲကနေ မေမေ့ဆီရောက်လာပြီး
မေမေ့ ဗိုက်ထဲကနေ အပြင်ကိုထွက်လာတာ̋ လို့ ရှင်းပြပေမဲ့ နားမလည်သေးတဲ့
သုံးနှစ် ကလေးလေးက ̏မေမေ့ကိုဘဲ ချစ်တယ်̋ ဆိုပြီး ဘေးနားက သူ့အမေကို
တိုးဖက်ထားလိုက်ပါတယ်။ ဒါတွေကို သမီးလေး နားလည်အောင် နှစ်တော်တော်ကြာ
စောင့်ရအုံးမှာပါ။ ကလေး အချစ် မခံရတဲ့ အဖေ့ ဘဝက တော်တော် ဆိုးပါတယ်။ ဒါကို
အဖေ သိရင် ဘယ်လောက် မျက်ရည် ကျလိုက်မလဲ။ လူတစ်ယောက် မိခင်များနေ့မှာ
မိခင်တွေကို လက်ဆောင်ပေးနိုင်တဲ့ နှင်းဆီပန်းလေးတွေကို ဖဲကြိုး
လှလှလေးတွေနဲ့ စည်းပြီး ဈေးအဝမှာ သွားရောင်းတာ၊ နေ မွန်းမတည့်ခင်
ပန်းအားလုံး ရောင်းကုန်သွားလို့ ငွေ ငါးဆ လောက် အမြတ်ရသွားတယ်။
ဖခင်များနေ့ရောက်တော့ အဲဒီလူဘဲ အရင်က နည်းအတိုင်း ပန်းကလေးတွေ
ရောင်းခဲ့ပြန်တယ်။ နေစောင်းတဲ့ အထိ လေးပုံပုံ တစ်ပုံတောင် ရောင်းမထွက်လို့
ငွေရှုံးပြီး အိမ်ပြန် ခဲ့ရပါတယ်။ ဒါကိုကြည့်ရင် သားသမီးတွေက ဖခင်ထက်
မိခင်ကို ပိုပြီး ဂုဏ်ပြုတယ်ဆိုတာ ထင်ရှား နေပါတယ်။ ဒါကို အဖေ သိရင်
ဘယ်လောက် မျက်ရည် ကျလိုက်မလဲ။

စင်ကာပူနိုင်ငံမှာ PR (Permanent Resident) ဖြစ်သွားတဲ့ ဇနီးမောင်နှံက
သားဦး သမီးဦးလေးတွေ မွေးဖွား လာတဲ့အခါ စင်ကာပူက လူနေမှုစရိတ်
မြင့်မားတဲ့အတွက် ကလေးထိန်းဖို့ရော မီးဖိုချောင်တာဝန် ယူဖို့ရော
ကူဖော်လောင်ဖက် လိုအပ်တဲ့အတွက် မြန်မာနိုင်ငံက မိခင်ကြီးတွေ
ယောက္ခမကြီးတွေကို စင်ကာပူ နိုင်ငံ အလည်လာဖို့ လေယာဉ်လက်မှတ် ဝယ်ပြီး
ပို့ပေးကြပါတယ်။ ဖခင်အိုကြီးတွေကို ဘာလို့ နိုငံခြား မခေါ်တာလဲ လို့
မေးကြည့်တော့ အဖေက ကလေးလဲ မထိန်းတတ်ဘူး။ ထမင်း ဟင်းလဲ ကောင်းကောင်း
မချက်တတ်ဖူးတဲ့။ သြော် - သူတို့လေးတွေ နိုင်ငံခြားမှာ ပညာသင်နိုင်ဖို့
လျှာမြက်ပေါက်လုမတတ် ခြိုးခြံချွေတာပြီး ကုန်းရုန်း ရှာကျွေးခဲ့တဲ့
ဖခင်တွေကို သူတို့တွေ ကောင်းစား၊ နိုင်ငံခြားမှာ ကြီးပွားတဲ့အခါ အလည်တောင်
မခေါ်ဘဲ မြန်မာပြည်မှာ ချန်ထားခဲ့တာ ဘယ်လောက် တရားကျဖို့ကောင်းလိုက်သလဲ။
ဒါတောင် ကျွန်တော် ကျွန်မတို့က ခေါ်ပါတယ်။ အဖေ ကိုယ်၌က မလာချင်လို့ပါတဲ့။
ဘယ်ကလာ မလာချင်ရမှာလဲ။ သူတို့တွေ အပိုငွေ ကုန်မှာ စိုးလို့ အဖေက ငဲ့ပြီး
မလိုက်ချင်၊ စိတ်မဝင်စားချင် ဟန်ဆောင်တာကို အလိုက်ကန်းဆိုးမှ
မသိကြတာကြီးကို။ ဒါကို အဖေ သိရင် ဘယ်လောက် မျက်ရည်ကျလိုက်မလဲ။

ခရစ်ယာန်တို့ ထုံးတမ်းစဉ်လာအရ မင်္ဂလာဆောင်တဲ့ အခါကျရင် ဖခင်ဖြစ်သူက သမီးကို
လက်တွဲပြီး ပရိတ်သတ်ရှေ့ သင်းအုပ်ဆရာဆီ ခေါ်ဆောင်လာကာ အုပ်ထိန်းသူအနေနဲ့
ခင်ပွန်းသည် (သားမက်) လက်ထဲ သမီးကို အပ်ရတယ်ဆိုတာ ခရစ်ယာန်တွေရဲ့
မင်္ဂလာပွဲတိုင်းမှာ အင်မတန် ကျက်သရေရှိတဲ့ မြင်ကွင်းလေးပါ။ သမီးတိုင်းရဲ့
မင်္ဂလာပွဲတိုင်းမှာ ဖခင်တိုင်းဟာ အနောက်တိုင်း ဝတ်စုံကို ကျကျနနန ဝတ်ပြီး
မချိုမချဉ် မျက်နှာပေးနဲ့ သမီးလက်ကို တွဲပြီး မင်္ဂလာပွဲ ဝင်ရတာဟာ သမီးရှင်
ဖခင်တိုင်းရဲ့ တစ်သက်မှာ တစ်ခါသာ ရတဲ့ ကောင်းကြီး မင်္ဂလာနဲ့ အပျော်ဆုံး
အချိန်လေးပါ။ ဒါပေမဲ့ နိုင်ငံခြားမှာ ကျောင်းတက်၊ အလုပ်လုပ်တဲ့ သမီး
ဖြစ်သူက သီးချိန်တန် ပွင့်ချိန်တန်တော့ မင်္ဂလာဆောင်ရမဲ့ အချိန်မှာ ဖခင်ရင်း
ဖြစ်သူကို နိုင်ငံခြားဆီ ခေါ်ဖို့လဲ အဆင် မပြေ။ သူကိုယ်တိုင်လဲ ဖခင်ရှိရာ
အရပ်မှာ မင်္ဂလာ ပြန်မဆောင်ဘဲ ကြုံရာ ခင်ရာမင်ရာ လူကြီး တစ်ယောက်ယောက်ကို
ဖခင်အရာမှာ ခန ငှားပြီး အဖေအတု နဲ့ မင်္ဂလာပွဲကို ဖြစ်သလို ကျင်ပလိုက်တာမျိုး
ဖြစ်ခဲ့ဖူး၊ ကြုံခဲ့ဖူး၊ တက်ခဲ့ရဖူးပါတယ်။ အဲဒီလို အပယ်ခံရလို့
ရင်ကျိုးနေတဲ့ ဖခင်တွေ ဘယ်လောက်များနေပြီလဲ။ ဒါကို အဖေ သိရင် ဘယ်လောက်
မျက်ရည် ကျလိုက်မလဲ။

ရပ်ဝေးက တောမြို့လေးမှာ ကျောင်းဆရာမအလုပ် လုပ်နေတဲ့ အပျိုကြီး
သမီးဖြစ်သူကို စိတ်မချတဲ့ တောသား ရိုးရိုးကြီး ဖခင်က တောက ရထားဘူတာရုံအထိ
လာကြိုတော့ တောသားကြီးတို့ ထုံးစံအတိုင်း ဖိနပ်မပါ။ ပုဆိုး ဖင်ကွဲနဲ့
ကွမ်းတမြုံ့မြုံ့ဝါးပြီး ကွမ်းချေးတက် သွားမည်းမည်းကြီးပေါ်အောင်
အစွမ်းကုန်ပြုံးပြရင်း လူကြားထဲက သမီးကို ̏သမီး သမီး̋ လို့ ဝမ်းသာအားရနဲ့
အော်ခေါ်ပြီး သမီးရဲ့ ထမီထုတ်ကို ထမ်းဖို့ အနားကပ်လာတော့ ဖခင်ဖြစ်သူရဲ့
ပုံဆိုးပန်းဆိုး ပုံစံကြောင့် သူငယ်ချင်း ကျောင်းဆရာမတွေကြားမှာ
ရှက်သွားတဲ့ မြို့ကျောင်းက ဆရာမလေး သမီးဖြစ်သူက ̏အဖေ သမီးကို လူကြားထဲမှာ
သမီးလို့ မခေါ်ပါနဲ့ သမီးရှက်တယ် ̋ တဲ့။ ဒါကို အဖေ သိရင် ဘယ်လောက်
မျက်ရည်ကျလိုက်မလဲ။ အဖေ လုပ်သူက နိုင်ငံခြား သင်္ဘောသားဆိုတော့ ပင်လယ်ထဲမှာ
သက်စွန့်ဆံဖျား ရှာထားတဲ့ ငွေလေးတွေကို ဇနီးသည်ဆီ ပို့ပေးပြီး ကိုယ်ဝန်နဲ့
ဇနီးကို သက်သက်သာသာ မီးဖွားစေခဲ့တယ်။ ဇနီးသည် မီးဖွားပြီး ၃-၄ နှစ် အကြာမှ
ဖခင်ဖြစ်သူ မြန်မာနိုင်ငံ ပြန်ရောက်လာခဲ့တယ်။ ကလေးက အဖေကို သူစိမ်း
ထင်င်္ပြီး အနားကပ် မခံတဲ့အတွက် ဖခင်ဖြစ်သူဟာ အိမ်ရှေ့မှာ ခြင်အကိုက်ခံပြီး
အိပ်စက်ခဲ့ရပါတယ်။ ဒါကို အဖေ သိရင် ဘယ်လောက် မျက်ရည်ကျလိုက်မလဲ။

နယ်မြို့လေး တစ်မြို့ကနေ ညကားနဲ့ ပြန်လာတဲ့ သမီးကို ရှမ်းပြည်တောင်ပေါ်ဒေသ
ဒီဇင်ဘာ ဆောင်းတွင်းကြီး မှာ အိမ်တံခါး မပိတ်ဘဲ ထိုင်စောင့်နေတဲ့ အဖေဟာ
အအေးဒဏ်ကြောင့် ကိုယ်တစ်ခြမ်း လေဖြန်းသွားခဲ့ဖူးပါတယ်။

ကိုယ်ခန္ဓာပိုင်းမှာ အားကြီးပေမဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာမှာ အားငယ်တတ်တဲ့
အဖေတွေဟာ စားဝတ်နေရေး အရှုပ်တော်ပုံတွေကြောင့် ဆေးလိပ် အရက်တွေနဲ့
စိတ်ထွက်ပေါက်ရှာရင်း ယစ်ထုတ်ကြီးတွေ ဖြစ်သွားခဲ့ရပါ တယ်။

သားသမီးတွေရဲ့ အညုအတုတွေ ဇနီးမယားရဲ့ စကားနုနုတွေ မတွေ့ရ မကြားရတဲ့
အဖေတွေဟာ ရေကြည်ရာ မြက်နုရာ ရှာရင်း အပျော်မယား။ အငယ်မယားတွေရဲ့ မာယာ
ကယက်အတွင်း သက်ဆင်းခဲ့ကြရင်း အိမ်ထောင်ရဲ့ ဗီလိန် လူကြမ်းကြီးတွေ
ဖြစ်သွားခဲ့ရပါတယ်။

အဲဒီလို အိမ်ထောင် ဦးစီး မပ်ီသခဲ့တဲ့ ဗီလိန်လူကြမ်းကြီးတွေကို
စိတ်နာလွန်းလို့ အရွယ်ရောက်လာတဲ့ သားသမီး တွေရဲ့ မင်္ဂလာဆောင် ဖိတ်စာထဲမှာ
အဖေကို သေပြီလို့ သဘောမှတ်ပြီး အဖေ့နာမည်ကို ကွင်းစ ကွင်းပိတ်လေး
(ဦးဘယ်သူ) နဲ့ ခတ်ပြီး ဖိတ်စာမှာ ပုံနှိပ် ဖော်ပြထားတာတွေ့ခဲ့ရဖူးပါတယ်။

ဒီထက် ပိုဆိုးတာကတော့ သားတစ်ဦးရဲ့ မင်္ဂလာဖိတ်စာမှာ တာဝန်မကျေတဲ့ အဖေကို
စိတ်အနာကြီး နာခဲ့လို့ မိဘ အုပ်ထိန်းသူ နေရာမှာ အဖေ့ နာမည်ကို လုံးဝဖျောက်၊
အမေ တစ်ဦးတည်းရဲ့ နာမည်ကိုဘဲ ဖိတ်စာထဲမှာ ထည့် ရိုက်ထားတာကို
တွေ့ခဲ့ရဖူးပါတယ်။

နာမည်ကြီး စာရေးသူတစ်ယောက် ပြောပြတာ ကြားဖူးတယ်။ အဖေ့အကြောင်း ရေးထားတဲ့
စာအုပ်ကို သူ ပုံနှိပ်ထုတ်ဝေ တာ အရောင်း မထွက်ဘဲ ရှုံးခဲ့ဖူးသတဲ့။

အဖေတွေကို အဲဒီလို အဆိုးမြင် နေရင်လဲ အဖေဆိုတာ မနှိုင်းကောင်း နှိုင်းကောင်း
လောကဓံနဲ့ သားသမီး ကြားမှာ တရားခံ ဖြစ်ခဲ့တာ။ ဓါးစားခံ ဖြစ်ခဲ့တာ။
ခြေဖဝါးနဲ့ မြေသားကြားက ရော်ဘာ ဖိနပ်ပါးပါးလေးတွေလိုပါဘဲ။ အသား မနာဖို့
သူကတော့ ပွန်းရင်း ပဲ့ရင်း ပါးပါးလွှာလွှာသာ ကျန်နေပါတော့တယ်။

မင်းအောင်သက်လွင်
(ဝန်ခံချက်။ ။ ဇွန်လ ၂ဝ၁ဝ ခုနှစ် ဖခင်များနေ့အမှတ်တရအဖြစ်
ဖခင်များအားလုံးကို ဂုဏ်ပြုသော အားဖြင့် တွေဖူး ကြုံဖူးသမျှ
ဖခင်များအားလုံး၏ မျက်ရည် ကို ခံစားရေးဖွဲ့ထားခြင်းဖြစ်ပါသည်)


No comments:

Post a Comment